♥နင့်ကိုချစ်တယ်♥
posted under
Poem
by chitsanm

မင်းရဲ့မျက်ဝန်း အညှို့တစ်ချက်မှာ
လျှို့ဝှက်အနမ်းတွေလှိုက်ပြီး
အငိုက်မိသွားသူက ငါရယ်မို့...။
မင်းရဲ့အပြုံးတစ်ပွင့်အောက်မှာ
မဆုံးသင့်တဲ့အကြည့်တွေနဲ့ ငြိတွယ်ခဲ့တဲ့
သံယောဇဉ်အစုံနဲ့သူဟာ ငါရယ်မို့...။
မင်းရဲ့ အမုန်းဆိုတဲ့စကားလေးရဲ့အောက်မှာ
အပြုံးမဖက်သာ အရှုံးတစ်သက်သာ ရစေခဲ့တဲ့ ငါ့နှလုံးသားအတွက်
အလှည့်ဆိုတာ မရှိခဲ့ရင်တောင် မင်းရဲ့အချစ်ကို မျှော်လင့်နေမယ့်
မျှော်လင့်ချက်ဆိုတဲ့ အမည်လေးကိုတော့ မင်းပေးတဲ့ ဆုလဒ်အဖြစ်
လက်ခံ မျှော်လင့်နေပါရစေ ချစ်သူ...။
မင်းကို ချစ်မိတိုင်း
အပြစ်မဲ့တဲ့ ပန်းရိုင်းလေးတစ်ပွင့်လို
လေနှင့်ရာယိုင်း မြေပြင်မှာ မကိုင်းရအောင်
အလှဘောင် ကွင်းခပ်ထားတဲ့
ရွှန်းလက်ဆူးလေတွေက စူးနစ်နာကျင်စေတယ်...။
မင်းကို လွမ်းမိတိုင်း
အကိုင်းအခက်ဝေဆာ အလှဖြိုးမောက်နေတဲ့
ပန်းပင်တစ်ပင်ရဲ့ ကျည်ဆယ်လှည့်စားမှုနဲ့အတူ
ပဲ့တင်ထပ်မတတ် ဟက်ဟက်ပက်ပက် ရယ်သံလေးတွေကို
နားဝင်မချို ပြိုလဲလုလု ငါ...ခံစားစေရတယ်...။
မင်းကို သတိရမိတိုင်း
နှင်းဆီဖူးရောင် နှုတ်ခမ်းဖျားလေးရဲ့
ချိုမြမြစကားအသံလေးတွေကို မကြားလိုက်ရဘဲ
ပျားတကာ လွင့်စင်ပြေးလောက်မယ့် ခါးခါးသီးသီး အသံလေးတွေကို
ထပ်ခါတလဲလဲ ကြားရောင်ကာ အခါခါ ငါ.. ဒူးထောက်ခဲ့ရတယ်...။
မင်းကို မေ့ပစ်ဖို့ ကြိုးစားမိတိုင်း
သူတစ်ပါး ခူးဆွတ်ခြွေယူသွားမှာကို စိုးရိမ်စွာ စိုက်ကြည့်နေတတ်တဲ့
ဥယျာဉ်မှူးတစ်ယောက်ရဲ့ နှမျောတတ စိတ်လေးတွေကို ရင်မှာပိုက်ပြီး
အတိတ်ရဲ့ သံယောဇဉ်အရိပ်တွေက
ငါ့ရဲ့တစ်ကိုယ်လုံးမှာ စူးနစ်စေခဲ့ပြီ...။
ငါ... ဘယ်တော့များမှ မင်းကို မေ့နိုင်ပါတော့မလဲ....။
ရောက်တတ်ရာရာ စကားလေးတွေကို
အခေါက်ခေါက်အခါခါ ပြောနေတတ်ပေမယ့်
မင်းနဲ့အတူ ဆုံးဖူးခဲ့တဲ့ နေ့လေးတစ်နေ့ရဲ့ စကားလုံးလေးတွေကိုတော့
ရောက်တတ်ရာရာအဖြစ် မဖန်တီးခဲ့ပါဘူး ချစ်သူ...။
နောက်တစ်ယောက် နောက်တစ်နေရာမှာ တွေ့ဖူးခဲ့ပေမယ့်
မင်းနဲ့အတူ ဆုံးဖူးခဲ့တဲ့ နေရာလေးတွေတချို့ကိုတော့
ငါ့ဘ၀ရဲ့ရင်မှာ တစ်သက်လုံး သိမ်းဆည်းသွားမှာပါ ချစ်သူ...။
အလွမ်းအဆွေးနဲ့ သတိရခြင်းတွေကို လစ်လျူရှုတတ်ပေမယ့်
မင်းကိုလွမ်းခဲ့မိတဲ့ အလွမ်းရဲ့ရလဒ်ကလေးတွေကိုတော့
ထာဝရရင်မှာ တည်တံ့နေခဲ့ပြီ ချစ်သူ...။
မင်းကိုလွမ်းတိုင်း ပန်းတိုင်းပွင့်ပါစေသား....။
မင်းကိုချစ်ခဲ့တဲ့အချစ်မျိုး အသစ်တိုးလို့ ချစ်ပြစရာမလိုတော့ပြီ...
ပြီးခဲ့တဲ့အတိတ်ရဲ့ အရိပ်ခြေရာတွေကို အဖန်ဖန်အခါခါသတိရမိတိုင်း
မင်းရဲ့ မျက်ဝန်းအစုံနဲ့ ယုယမှုစကားလေးတွေကို ငါ...လွမ်းဆွတ် တမ်းတနေမိတယ်..။
အချိန်တွေ၊ ကာလတွေ ဘယ်လောက်ပဲ ကြာညောင်းပါစေ..
မင်းအပေါ်ချစ်ခဲ့တဲ့ အချစ်တွေကတော့ ဘယ်တော့မှ ပြောင်းလဲနိုင်တော့မှာ မဟုတ်ပါဘူး..။
အနေဝေးလို့ သွေးအေးတတ်တယ်ဆိုပေမယ့်
မင်းကိုတော့ အနေဝေးလေ လွမ်းလေပါပဲ ချစ်သူ...။
မင်းကို သတိရမိတဲ့အခုအချိန်လေးမှာ မင်းတစ်ယောက် ဘယ်ရင်ခွင်မှာများ ပျော်မွေ့နေမလဲ...။
လွမ်းတိုင်းစာစီ၊ သတိရမိတိုင်း ဖွင့်ပြောမိခဲ့ရင်ဖြင့် ငါဟာ မင်းအတွက်နဲ့ အစွန်းရောက်နေမိမှာ အမှန်ပဲ...။
ဘယ်အချိန်၊ ဘယ်ကာလ၊ ဘယ်နေရာပဲရောက်ရောက်
မင်းကိုတော့ ဘယ်တော့မှ မေ့ဖျောက်လို့ရမှာမဟုတ်ဘူးဆိုတာတော့
မင်းတစ်ယောက် ယုံစေချင်ပါတယ် ချစ်သူ...။
ငါ့ရဲ့ လွမ်းဆွတ်မှုနဲ့အတူ တီးတိုးရေရွတ်သံလေးတွေကို
အချစ်လေပြေလေးမှတဆင့် ချစ်သူထံသို့
သယ်ဆောင်သွားပါစေသား....။