မမေ့နိုင်ခြင်းရဲ့ ရလဒ်
posted under
Poem
by chitsanm


မင်းကို ချစ်မိတိုင်း
အပြစ်မဲ့တဲ့ ပန်းရိုင်းလေးတစ်ပွင့်လို
လေနှင့်ရာယိုင်း မြေပြင်မှာ မကိုင်းရအောင်
အလှဘောင် ကွင်းခပ်ထားတဲ့
ရွှန်းလက်ဆူးလေတွေက စူးနစ်နာကျင်စေတယ်...။
မင်းကို လွမ်းမိတိုင်း
အကိုင်းအခက်ဝေဆာ အလှဖြိုးမောက်နေတဲ့
ပန်းပင်တစ်ပင်ရဲ့ ကျည်ဆယ်လှည့်စားမှုနဲ့အတူ
ပဲ့တင်ထပ်မတတ် ဟက်ဟက်ပက်ပက် ရယ်သံလေးတွေကို
နားဝင်မချို ပြိုလဲလုလု ငါ...ခံစားစေရတယ်...။
မင်းကို သတိရမိတိုင်း
နှင်းဆီဖူးရောင် နှုတ်ခမ်းဖျားလေးရဲ့
ချိုမြမြစကားအသံလေးတွေကို မကြားလိုက်ရဘဲ
ပျားတကာ လွင့်စင်ပြေးလောက်မယ့် ခါးခါးသီးသီး အသံလေးတွေကို
ထပ်ခါတလဲလဲ ကြားရောင်ကာ အခါခါ ငါ.. ဒူးထောက်ခဲ့ရတယ်...။
မင်းကို မေ့ပစ်ဖို့ ကြိုးစားမိတိုင်း
သူတစ်ပါး ခူးဆွတ်ခြွေယူသွားမှာကို စိုးရိမ်စွာ စိုက်ကြည့်နေတတ်တဲ့
ဥယျာဉ်မှူးတစ်ယောက်ရဲ့ နှမျောတတ စိတ်လေးတွေကို ရင်မှာပိုက်ပြီး
အတိတ်ရဲ့ သံယောဇဉ်အရိပ်တွေက
ငါ့ရဲ့တစ်ကိုယ်လုံးမှာ စူးနစ်စေခဲ့ပြီ...။
ငါ... ဘယ်တော့များမှ မင်းကို မေ့နိုင်ပါတော့မလဲ....။
Written by
ချစ်စမ်း
Comment Form under post in blogger/blogspot