ဤသို့ဆိုလာလျှင်......

posted under by chitsanm
ကျွန်တော်သည် စာသင်ခန်းအတွင်းသို့ အချိန်စောကာ ရောက်သွားပါသည်။ စောစော ရောက်နေသည့် အတွက် စာသင်ခန်းထဲတွင် ကျောင်းသား၊ ကျောင်းသူ သုံးလေးယောက် ခန့်သာရှိပါတယ်။ ကျွန်တော်လည်း အချိန်စောသေးတာနဲ့ ဆရာရှိရာ ရုံးခန်းလေးဆီသို့ လျှောက်လှမ်းမိလိုက်ပါတယ်။ဆရာနဲ့ စတွေ့တွေ့ခြင်းပဲ စကားစမြီပြောပြီး ဆရာ့အနားသို့ ချဉ်းကပ်လိုက်ပါတယ်။

ဆရာနဲ့ အချိန်အတန်ကြာ စကားအချို့ ဆွေးနွေးဖြစ်ပါတယ်။ အဲဒီလို စကားပြောနေစဉ် အတောအတွင်းမှာပဲ ဆရာ့ထံမှ စကားတစ်ခွန်းထွက်ပေါ်လာပါတယ်။ အဲဒီစကားလေးက “မင်းရဲ့ ကုန်ဆုံးသွားတဲ့တစ်နေ့သာအတွက် ဘာတွေလုပ်မိသလဲ၊ လုပ်မိလျှင်လည်း အဲဒီ လုပ်ရပ်တွေက မင်းအတွက်ရော သူများအတွက်ပါ ကောင်းကျိုးနဲ့ ဆိုးကျိုး ဘယ်နှစ်ခု လုပ်မိတယ်ဆိုတာ မှတ်တမ်းတင်ထားမိရဲ့လား” တဲ့။ အဲဒီမေးခွန်းလေးကိုဖြေဆိုဖို့ အတွက် ကျွန်တော်ပိုင်ဆိုင်လိုက်ပါပြီ။ ချက်ချင်းတော့ ကျွန်တော်ဖြေလို့မရ ဖြစ်နေ တယ်။ အဲဒါကြောင့် “ဆရာ ကျွန်တော်ဖြေလို့်မရသေးဘူး၊ နောက်နေ့မှပဲ ကျွန်တော် ဖြေပါရစေ”လို့ ဆရာ့ထံ ခွင့်တောင်းမိပါတယ်။ ထိုအခါ ဆရာကပြုံးပြီး “မင်းဆန္ဒအတိုင်း ဖြစ်စေဗျာ” တဲ့။ အဲဒါနဲ့ ကျွန်တော်လည်း အိမ်ပြန်ရောက်ချိန်မှာ အဲဒီအဖြေကို ရှာလိုက်မိပါတော့တယ်။
ကျွန်တော်ရေးချမိလိုက်ပါပြီ-

ကောင်းကျိုးနှင့် ဆိုးကျိုးသည် နှစ်ခုဒွန်တွဲလျှက်ရှိ၏။ လူတိုင်းသည် မည်သူမျှ ကောင်းကျိုး တစ်ခုတည်းသာ လုပ်မိလိမ့်မည် မဟုတ်ပေ။ ဆိုးကျိုးဘက်တွင်လည်း အလှည့်ကျရောက် နေမည်ဖြစ်သည်။ ထိုနှစ်ရပ် လုံးသည် မိမိ၏ အကျင့်စာရိတ္တနှင့် နေထိုင်မှုပေါ်မူတည်ပြီး ကောင်းကျိုးပေးသောအရာကို လုပ်မိခြင်း၊ ဆိုးကျိုးပေးသော အရာကိုလုပ်မိခြင်းဟူ၍ ဖြစ်ပေါ်လာ၏။ ထိုသို့ဖြစ်ရခြင်းမှာ အဓိကလိုအပ်ချက်မှာ မိမိ၏ ဆင်ခြင်တုံတရားပင်ဖြစ်၏။ မိမိလုပ်ဆောင်သော အလုပ်များကို လုပ်တော့မည်ဆိုကတည်းက ဒီအလုပ်ဟာ ဆိုးကျိုး ပေးမည့် အရာလား၊ ကောင်းကျိုးပေးမည့် အရာလားဟု သတိတစ်ချက်ဝင်လိုက်လျှင် အဲဒီ အလုပ်ဟာ ဆိုးကျိုးဆိုတာ ဖြစ်မလာနိုင်။ အကယ်၍ ဖြစ်သွားခဲ့သည်ရှိသော် မစဉ်းစား မဆင်ခြင်ဘဲ လုပ်မိတာလောက်တော့ အဆိုးကြည့်တက်တက် ဖြစ်မလာနိုင်ချေ။

၎င်းအခြေအနေများကိုမူတည်၍ ငါဒီနေ့လုပ်လိုက်တဲ့အရာတွေဟာ ကောင်းကျိုးလား၊ ဆိုးကျိုးလားဟု မိမိကိုယ်ကို စမ်းစစ်ရပေမည်။ ထိုသို့ စမ်းစစ်ရာတွင် မိမိတစ်ယောက်တည်း၊ မိမိအတွေး၊ မိမိစိတ်နှင့် စမ်းစစ်ပါက အားလုံးအကောင်းတွေကြည့် ဖြစ်နေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် ကိုယ့်ကိုယ်ကိုဆိုးသည်ဟု မည်သူမျှဝန်မခံလို။ ကိုယ့်စိတ်ကို၌သောင်မှ ငါလုပ်တာဆိုးကျိုးမဟုတ်ဘူး။ ကောင်းကျိုးပဲဟု သွေးထိုးနေပေလိမ့် မည်။ ထို့ကြောင့် မိမိစိတ်၊ မိမိလုပ်ရပ်ကို မှတ်တမ်းတင်ရာမှာ မည်သို့မျှ မဖြစ်နိုင်ချေ။ အကယ်၍ မှတ်တမ်းတင်မည်ဆိုပါက မိမိလုပ်ခဲ့သော တစ်နေ့သာ၏ အလုပ်များကို ရေးချမိမှာအမှန်ပင်။ ၎င်းအလုပ်များ၏ ကောင်းကျိုး၊ ဆိုးကျိုးဆိုတာ ပြန်လည်စဉ်းစားနေရန် မလို။ ၎င်းအလုပ်များ မလုပ်ဆောင်မှီမှာပင် သတိတစ်ချက်ဝင်ပြီး စဉ်းစားသင့်၏။ အဓိကလိုအပ်ချက်ကတော့ မိမိကိုယ်ပိုင်စိတ်နှင့်ပင် ကောင်းကျိုးလား ဆိုးကျိုးလားဆိုတာ မလုပ်မိခင်ကပင် စဉ်းစားရမည်သာဖြစ်ပါတော့သည်။

အခုကျွန်တော်ရေးထားတဲ့စာလေးကို ဆရာ့ထံပြလိုက်တော့ ဒီစာလေးနဲ့ပါတ်သက်ပြီး ဆရာက အဖြေတစ်ခု ကျွန်တော့်အတွက်ပေးလိုက်ပါတယ်။ အဲဒီအဖြေလေးကတော့ စာဖတ်သူရဲ့ အခြေအနေပေါ်မှာပဲမူတည် နေတဲ့အတွက် ဖော်ပြမနေတော့ပါဘူး။

(ကျွန်တော် (၈)တန်းအရွယ်က တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးကို ပြန်လည်တင်ပြ ထားခြင်းသာ။ ဒီမေးခွန်းလေးနဲ့ အခြားနည်းတူ အဖြေလေးရှိမယ်ဆိုရင်လည်း စာဖတ်သူ ကိုယ်တိုင် အဖြေထုတ်ကြည့်လိုက်ပါစို့)

0 comments

Make A Comment
top