ငါနဲ့လှေအိုလေး

posted under by chitsanm

  • ချစ်ခင်မြတ်နိုးသူနှင့်
    ကွဲကွာ၊ ခွဲခွာရခြင်းသည် ဆင်းရဲ၏။

  • မချစ်မနှစ်သက်သူနှင့်
    အတူပေါင်းဖက်ရခြင်းသည် ဆင်းရဲ၏။

  • လိုအင်ဆန္ဒ
    မပြည့်ဝခြင်းသည်လည်း ဆင်းရဲ၏။


အဲ့ဒီဆင်းရဲခြင်းတွေနဲ့ နှောင်ဖွဲ့ခံထားရသည့် သတ္တ၀ါသည် `လူ´ ဖြစ်သတဲ့....။

`လူ´ဆိုတဲ့နာမ်စားအမည်ခံလေးနဲ့ လူ့ဘ၀လေးထဲကို ရောက်ရှိလို့လာခဲ့ပါပြီ။ ဘယ်ဘ၀က လာလို့ ဘယ်ဘ၀ကိုသွားမှာလဲဆိုတဲ့ မေးခွန်းလေးတွေကိုပင် ကိုယ်တိုင်တောင်မှ အဖြေမရှိခဲ့...။

ကြုံရာဆုံရာ ဖြစ်တတ်ရာရာလေးတွေကို အလှည့်ကျရင်မနွဲ့ကြစတမ်းဆိုသလိုပေါ့၊ မိမိနဲ့ အနီးကပ်ဆုံး ဆက်စပ်ရာရာလေးတွေကို စမ်းတ၀ါးဝါးနဲ့ ပီပီပြင်ပြင်မရှိလှတဲ့ စိတ်ကူးလေး တွေနဲ့အတူ လောကဓံရဲ့စိန်ခေါ်မှုကြီးကို အလဲထိုးဖို့ရာ ဆန္ဒတွေအပြည့်မွေးလို့ လျှောက်လှမ်း နေသူက ငါရယ်ပါ။

ဝန်းကျင်ဒေသအလိုက် အရောင်အမျိုးမျိုး၊ ဦးတည်ချက်အမျိုးမျိုးပြောင်းပြီး ၀န်းကျင်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ရာ ကြိုးစားခဲ့ရပေါင်းလည်းမနည်းတော့ပါဘူး။

လောကဓံရဲ့ ရိုက်ချက်ပြင်းပြင်းလှိုင်းများကလည်း ငါ့ကိုမှ အားမနာ။ လေသင့်ရင် လှိုင်း ကြက်ခွတ်လေးတွေကို သာသာယာယာကြည်ကြည်နူးနူးမြင်ရမှာပဲဆိုတဲ့ စိတ်ကူးယဉ်မျှော်လင့် ချက်လေးတွေကြောင့် ရိုက်ချက်ခတ်ပြင်းပြင်းလှိုင်းရဲ့ ဒဏ်လေးတွေကို မျက်စိမှိတ်ပြီး အားတင်းထားမိလေရဲ့။

လွတ်မြောက်ရာလမ်းကြောင်းလေးဆီသို့ အားကုန်လှော်ပြီးသွားမယ်စိတ်အကူးမှာ လှော်တက် ရယ် မဲ့နှင့်ပြီးသား လှေအိုလေးပေါ်မှာ ဖြစ်နေလေပြီ။ ဒီလှေအိုလေးဟာ ငါနဲ့ထိုက်တန်တဲ့ လှေခလေးဖြစ်တဲ့အတွက် ငါပိုင်ဆိုင်ရမယ့် လှေအိုလေးပေါ့။ ဒီလှေအိုလေးကိုအားပြုပြီး အောင်မြင်မှုပန်းတိုင်ဆီသို့ရောက်အောင် လှော်ခတ်မည်ဆိုတဲ့စိတ်ကို ပိုင်ဆိုင်ထားပြီး လှော်တက်အစား ကိုယ်ပိုင်လက်ခလေးတွေနဲ့ ကြမ်းတမ်းလှတဲ့ရေလှိုင်းတွေကို ထိတွေ့ပြီး လှော်ခတ်မိပါရောလား။

သြော်... ရှိပါစေတော့။ ရည်မှန်းရာပန်းတိုင်ဆီသို့မရောက်မချင်း ငါ့ရဲ့အမေပေးထားတဲ့ လှော်တက်(လက်ချောင်းဆယ်ချောင်းပါလက်နှစ်ဘက်)နဲ့ ဘ၀ဆိုတဲ့ ကမ်းမမြင်လမ်းမမြင် ဘ၀ သမုဒ္ဒရာကြီးထဲမှာ ထိုလှေအိုလေးနဲ့အတူ ပဲ့ကူမရှိ ဘ၀ကပေးတဲ့စွမ်းအားတွေနှင့်အတူ မုန်တိုင်းကြောင့်လှိုင်းခတ်တဲ့ဒဏ်ကို ကြံ့ကြံ့ခံပြီး ဘ၀ရဲ့နေ၀င်ချိန်လေးတိုင်အောင် လှော်ခတ် နေမည်သာ...။

0 comments

Make A Comment
top