သူတို့လို

posted under by chitsanm
နံနက်အာရုံတက်၍ မိုးသောက်ရောင်ခြည်လေး တန်းစပြုလာပြီလေ။ သူတို့တွေမှာတော့ အုပ်စုဖွဲ့ပြီး ပျံလိုပျံ၊ နားလိုနားနှင့် ဦးတည်ရာလမ်းကြောင်းကိုယ်စီနဲ့ အသံအမျိုးမျိုးပေး၍ မြူးတူးပျော်ရွှင်စွာနဲ့ နေ့သစ်ကြီးကို ကြိုဆိုနေကြလေရဲ့။


သူတို့ရဲ့ ဦးတည်ရာလမ်းကြောင်းများဆီသို့ အုပ်စုလိုက်ဖြစ်စေ၊ အုပ်စုခွဲ၍ဖြစ်စေ ဆုံချီ ဆန်ချီဖြင့် ဗျာများနေကြလေရဲ့လေ။ တချို့က လိုရာရောက်တဲ့အတွက် နားလိုနား၊ တချို့က မျှော်မှန်းရာပန်းတိုင်/နေရာ (သို့မဟုတ်)မျှော်လင့်ထားသောအရာများ မရောက်သေး၊ မရှိသေး တဲ့အတွက် ဆက်လက်ပြီး ပျံလိုကပျံကြပေါ့။ တချို့က အချိပ်အဆက် ပြုလုပ်နေသည့်သဖွယ် တစ်နေရာနှင့်တစ်နေရာ အသံပေးနေကြလေရဲ့။ တချို့က သူတို့လိုအင်တွေ ပြည့်စုံ သလောက်ရှိတဲ့အတွက် အသိုက်အမြုံကောင်းကောင်းနဲ့ အရိပ်အာဝါသရဲ့အတွင်းမှာ အနားယူနေကြလေရဲ့။ တချို့ကတော့ မိမိတို့လိုအင်တွေ၊ မျှော်လင့်ချက်တွေ မပြည့်စုံ မလုံလောက်သေးတဲ့အတွက် ဆက်လက်ပြီး ဗျာများနေလေသေးရဲ့။


ဒီလိုနဲ့ပဲ နေ့သစ်လေးအတွင်း သူတို့ရဲ့လှုပ်ရှားမှုများသည် မရိုးနိုင်လောက်အောင် တစ်မျိုးပြီး တစ်မျိုး အမျိုးမျိုးအထွေထွေနှင့် လှုပ်ရှားရုန်းကန်နေကြရရှာတယ်လေ။ မနက်ဖန်ဆိုတဲ့ နေ့သစ်ကြီးက လက်ကမ်းလှမ်းပြီး ကြိုဆိုမည့်အချိန် ရောက်ရှိလုပြီလေ။ အဲဒီအချိန်မှာ နေ့သစ်လို့ မှတ်ယူထားတဲ့ နေ့လေးတစ်နေ့ဟာ နှုတ်ဆက်ခြင်း၊ ခွဲခွာခြင်း၊ ကျောခိုင်းခြင်းဆိုတဲ့ ခြင်းသုံးခြင်းရဲ့ လက်အောက်ကို ရောက်ရှိသွားလေရဲ့။
နှုတ်ဆက်ခွဲခွာခြင်းအသိအမှတ်ပြု ညနေဆည်းဆာချိန်ရဲ့ လေပြေလေညှင်းလေးကလည်း တဖြူးဖြူးတိုက်ခတ်နေလေရဲ့။ နွေရာသီရဲ့ အလွမ်းဂုဏ်ထူးဆောင် ရွှေဥသြလေးရဲ့ ရင်နင့်ဝမ်းနည်းဖွယ်အသံလေးနဲ့အတူ သူတို့တွေရဲ့ တစ်နေ့သာလှုပ်ရှားမှုလေး တွေလည်း ရပ်ဆိုင်းရမည့်အချိန်လေးကို ဦးတည်လာခဲ့ပြီလေ။ နေ့သစ်ကိုကြိုဆို နေကြတဲ့အချိန်မှာ (မြင်ရတဲ့မြင်ကွင်း၊ ကြားရတဲ့အသံ) တွေ့ရတဲ့အဖြစ်မျိုး နဲ့တော့ကွာခြား သွားပြီထင်ပါရဲ့ ။


တချို့က အုပ်စုဖွဲ့ပြီး တိတ်ဆိတ်စွာဖြင့် သူတို့စံမြန်းမည့်နေရာဌာနသို့ ပျံသန်းသွားကြလေရဲ့။ တချို့က အဖေါ်ပျောက်သည့်ပုံနှယ် ငြီးငြူအော်ဟစ်ပြီး ဗျာယာခတ်နေရှာတယ်လေ။ တချို့က နှစ်သက်ရာတစ်နေရာတွင် ခေတ္တနားခိုပြီး တိတ်ဆိတ်ငြိမ်တက်စွာဖြင့် လောကကြီးရဲ့ အလှ၊ လောကကြီးရဲ့ သဘာဝကို အပြည့်အ၀ခံစားနေလေရဲ့။
ဒီလိုနဲ့ပဲ မိုးကုတ်စက်ဝန်းကြီး၏ ရပ်ဝန်းတစ်ခုမှ နေလုံးနီနီကြီးသည်လည်း တဖြည်း ဖြည်းပျောက်ကွယ်သွားသလို သူတို့ရဲ့ပျံသန်းသွားလာမှုတွေလည်း အဆက်ပြတ်လုနီးပါး ဖြစ်သွားလေပြီ။ လောကကြီးဟာလည်း အမဲရောင်အတိ ဖုံးလွှမ်း သွားခဲ့ပြီလေ။


ထိုတစ်နေ့သာရဲ့ ဖြစ်ပုံဆန်းအမျိုးမျိုးထဲမှ မြင်ကွင်းအားလုံးကို မြင်နေရတဲ့သူရှိနေတယ် တဲ့လေ။ အဲဒီသူဟာ သူတို့ဘာတွေလုပ်နေတယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာ စူးစိုက်ပြီး အကဲခတ်နေတယ်တဲ့လေ။ ဘာကြောင့် သူဟာ သူတို့လို မြူးတူးပျော်ရွှင်စွာနဲ့ နေ့သစ် ကလေးရဲ့အစမှာ မပျော်ရွှင်နိုင်ရတာလဲ။ ဘာကြောင့်သူဟာ သူတို့လို နှုတ်ဆက်ခြင်း၊ ခွဲခွာခြင်း၊ ကျောခိုင်းခြင်းဆိုတဲ့ လောကကြီးရဲ့ ခံစားမှုစည်းစိမ်ကြီးကို မခံစားနိုင်ရတာလဲ။

0 comments

Make A Comment
top